လျှာဒိုဘီ

ကျွန်တော် ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာလဲ ကြာပါပြီ။ ကျွန်တော့် ဘလော့ဂ်လေးကို ပစ်ထားရတာ ကြာလာတော့ သနားလာမိပါတယ်။ ဒါကြောင့်မို့ ပြန်လည် အသက်သွင်းတဲ့ အနေနဲ့ အများသူငါ အတွက် အတုယူစရာ၊ ဗဟုသုတ ရစရာ၊ မှတ်သားစရာ အကြောင်းအရာ လေးတစ်ခုကို တင်ပြလိုက်ပါတယ်။ လိုက်နာ ကျင့်သုံး ကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ချာတိတ်လေး တစ်ယောက် ရှိပါတယ်။ ရပ်ကွက်ထဲက တခြား ချာတိတ်တွေနဲ့ ဆော့တဲ့ အခါကျရင် သူက နေရာတကာ ဗိုလ်ဖြစ်ပါတယ်။ ကလေးတွေ ကြားထဲ အခက်အခဲ တခုခုကြုံလာ ရင်လည်း သူက ဖြေရှင်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ ကျွန်တော်တို့ ခြံရှေ့မှာ သူတို့ ကလေးအုပ်စု ဘောပင်တွေ၊ စာအုပ်တွေနဲ့ ကစားနည်း တစ်ခုကို ကစားနေကြပါတယ်။ အားလုံးလည်း သိကြမှာပါ။ ဒေါင်လိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း၊ အလျားလိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း မျဉ်းတွေဆွဲပြီး အဲဒီအထဲမှာ တစ်ယောက် တစ်လှည့်ဆီ အမြှောက်တွေ၊ ၀လုံးတွေ ဖြည့်ရတာပါ။ ထားပါတော့။ ကျွန်တော် ပြောချင်တာ အဲ့ဒီ ကစားနည်း မဟုတ်ပါဘူး။ အဲ့ဒီမှာ ကစားနေတဲ့ ဗိုလ်ချာတိတ် အကြောင်းပါ။ သူတို့ ကစားနေတဲ့ အတောအတွင်းမှာ သူတို့ထဲက တစ်ယောက်ရဲ့ ဘောပင် မှင်ကပ်သွားပါတယ်။ မှင်ကုန်တာ မဟုတ်ပါဘူး။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရံဖန်ရံခါ မှင်မလိုက် ဖြစ်သွားတာပါ။ အဲ့ဒီ ဘောပင်ပိုင်ရှင် ကလေးက ပထမတော့ ဘောပင်ကို ခါ၊ မှင်ချောင်းကို ထုတ်ပြီး အနောက်က မှုတ်လိုမှုတ် လုပ်ပါတယ်။ မှင်က ထွက်မလာပါဘူး။ အဲ့ဒီမှာ ဗိုလ်ချာတိတ်က အဲ့ဒီဘောပင် ကိုဆတ်ခနဲ ယူပြီး မှင်ချောင်း အနောက်ကနေ ပါးစပ်နဲ့ စုပ်လိုက်ပါတယ်။ အဲ့ဒီ အခါမှာ ခုနက ခေါင်းမာမာ နဲ့ တင်းခံနေတဲ့ မှင်တွေလည်း ဗိုလ်ချာတိတ်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ပဲ သူ့ပါးစပ်ထဲကို အစုလိုက် အပြုံလိုက် ၀င်သွားပါတော့တယ်။ အဲ့ဒီ အခါမှပဲ ဗိုလ်ချာတိတ်လည်း မျက်လုံးပြူး၊ မျက်ဆံပြူးပြီး ပါးစပ်ထဲက မှင်အရည် ပြာပြာတွေကို ထွေးထုတ်ပါတော့တယ်။ သိတဲ့အတိုင်း မှင်ဆိုတာကလည်း လွယ်လွယ်နဲ့ မပျက်တော့ ထွေးထုတ်လိုက်ပေမယ့် သူ့လျှာပေါ်မှာ အပြာရောင်ရဲရဲတွေက စွဲနေတာပေါ့။ သူလည်း သူ့ရဲဘော် ချာတိတ်တွေ အကူအညီနဲ့ ရေတစ်ခွက် တစ်ဖလား ကနေ ဘယ်နှခွက် ဘယ်နှဖလား ထိရောက်အောင် ပလုပ်ကျင်းလိုက်လဲ မသိပါဘူး။ ရဲဘော် ချာတိတ်တွေက ခေါက်တုန့် ခေါက်ပြန် ရေခွက် သယ်လာတာကိုတော့ တွေ့နေရပါတော့တယ်။ ဒီလိုနဲ့ ချာတိတ်ရဲဘော် တစ်ယောက်ကို မှန်ယူလာခိုင်း တယ်ထင်ပါတယ်။ လက်ထဲမှာ မှန်တစ်ချပ်နဲ့ သူ့လျှာကို ခဏခဏ ထုတ်ပြီးကြည့်ပါတယ်။ ထွက်လာတဲ့ သူလျှာကလည်း မှင်အရောင်တွေနဲ့ ပြာသလူးခါ နေတာပေါ့။ နောက်ဆုံး အကြံတစ်ခု ရတဲ့ပုံစံနဲ့ ခြံရှေ့လမ်းဘေးက ရေဘုံဘိုင်နားမှာ ဘာလုပ်တယ် မသိပါဘူး။ သုံးမိနစ်လောက် ကြာတော့ ဗိုလ်ချာတိတ် (တ ဝေါ့ ဝေါ့) နဲ့ ထိုးအန်ပါတော့တယ်။ ချာတိတ်ရဲဘော် တသိုက်လည်း လန့်ဖြတ်ပြီး ကျွန်တော့်ကို အော်ခေါ်ကြပါတယ်။ ကျွန်တော် ဗိုလ်ချာတိတ် နားရောက်လို့ အကျိုးအကြောင်းကို မေးတော့ ငိုသံပါကြီးနဲ့ ကျွန်တော်တို့ ရဲ့ ဗိုလ်ချာတိတ်က ရှင်းပြပါတော့တယ်။ မှင်ချောင်း မှင်မလိုက်တာကနေ စပြီး သူစုပ်ထုတ်ခဲ့ပုံ၊ မှင်တွေ ပါးစပ်ထဲ ၀င်သွားပြီး ထွေးထုတ်ရာက မှင်ရဲ့ အရောင်ရော၊ အနံ့ရော၊ အရသာရော သူ့လျှာမှာ စွဲထင်နေပုံ၊ တခါမှ မခံစားဖူးပေမယ့် ဘောပင်မှင် ဆိုတာ ဘယ်လိုမှ အရသာ မရှိကြောင်း သိပြီးတဲ့နောက် ဥာဏ်ကြီးရှင် ပီပီ မှင်ကိုဖျက်နိုင်တာ ဆပ်ပြာ ဆိုတာ တွေးတောမိပုံနဲ့ မှင်တွေပျက်ဖို့ လျှာ ကို ဆပ်ပြာနဲ့ တိုက်မိရာက ဆပ်ပြာ ရဲ့ အရသာဟာ မှင်ထက်ဆိုးကြောင်း သိရပြီးတဲ့နောက် အန်ချမိပုံတို့ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်လည်း ငိုအားထက် ရယ်အားသန်ပြီး ဗိုလ်ချာတိတ်ကို ပလုပ်ကောင်းကောင်း ကျင်းဖို့ ပြောပြီးတဲ့နောက် ပူရှိန်းပီကေ တစ်ခုကို အရသာ ပျောက်စေဖို့ ကျွေးခဲ့ပါတယ်။ အားလုံးပဲ မှတ်သား အတုယူရင်း တကယ်လို့များ ပါးစပ်ထဲ မတော်တဆ မှင်တွေ ၀င်သွားခဲ့ရင် ဆပ်ပြာနဲ့ လျှော်ဖို့ မမေ့ကြပါနဲ့လို့ သတိပေးချင်ပါတယ်။ (အဟတ်ဟတ်)။

Advertisements