ဘာကြောင့် အဘန်းခံရတာလဲ

Photobucket

ကျွန်တော် သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။ ဘယ်လိုလူတွေ ဘာကြောင့် ရူးသွားလဲဆိုတာ ကိုလည်း ကျွန်တော် မပြောတတ်တော့ပါဘူး။ ကျွန်တော်တို့ mmgenius group က ဘလော့ဂ်တွေဟာ အားလုံး သန့်သန့်လေးတွေ ပါပဲ။ ဘာနိုင်ငံရေး ဘလော့ဂ်မှ မပါသလို၊ ဘာညစ်ညမ်းဘလော့ဂ် မှလည်း မပါပါဘူး။ ရင်ထဲက ခံစားချက်လေးတွေ၊ ဘ၀အတွေ့အကြုံတွေ၊ ၀ါသနာပါရာ အနုပညာတွေနဲ့ အသိပညာ ပြန့်ပွားရေးတွေ အတွက် သီးသန့် ဖြန့်ဝေနေတဲ့ ဘလော့ဂ်တွေပဲ ရှိပါတယ်။ mmgenius တီထောင်သူ အပါအ၀င်၊ အဖွဲ့သားအားလုံးလည်း ကိုယ့်ဘလော့ဂ် အပေါ်မှာ တကယ်ချစ်စိတ်နဲ့ ရေးနေတဲ့ သူတွေချည်း ပါပဲ။ ဘယ်သူ့ကိုမှ စောင်းမြောင်း စော်ကားချင်းလဲ မရှိခဲ့ဖူးပါဘူး။ ကျွန်တော် စဉ်းစားမရတာက ကျွန်တော်တို့ mmgenius ဘာကြောင့် အဘန်းခံရတာလဲ။ Free Blog တွေ ဖန်တီးခွင့်ရလို့လား။ Free Access တွေ ပေးခဲ့မိလို့လား။ မြန်မာလူငယ်တွေ Chatting ထဲမှာပဲ ပျော်မွေ့စေဖို့လား။ ကျွန်တော်သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။

Advertisements

အနုတ် ၁ ၊ အပေါင်း ၁ +++

Photobucket

ကောင်မလေးရေ…

နှစ်သစ်မှာ နင့်အနားကို ငါအရောက်ပြန်လာနိုင်ခဲ့ပြီ။
ငါ့အလွမ်းတွေလည်း တချို့တ၀က်လောက်
ပြေစပြုနေပြီ။
နင့်လက်ကလေး ကိုလည်း
ပြန်ဆုပ်ကိုင်ထားလိုက်နိုင်ပြီ။
ငါ့ရင်ခွင်ကိုလည်း နင်အိပ်ဖို့အတွက် ပြန်ဖွင့်ထားနိုင်ပြီ။

ဒါပေမယ့် …
ငါဝမ်းနည်းမိတာက ငါတို့ရဲ့ ခိုင်မာတဲ့ အမိုးကြီးတစ်ခု
ဘယ်လိုမှ ပြန်တပ်မရနိုင်တဲ့ အမိုးကြီးတစ်ခု၊
ငါ့ကို မစောင့်ပဲ ပြိုလဲသွားလိုက်ပြီ။

ကောင်မလေးရေ…
ဘယ်လိုလုပ်မလဲ။
အမြဲရှိနေနိုင်တာ ဘာရှိလဲ။
တစ်နေ့မှာ ငါတို့လည်း အမိုးတွေ ဖြစ်ရဦးမှာ။
ငါတို့လည်း ပြိုလဲရဦးမှာ။
ငါတို့ ဘာတွေပြင်ဆင်ပြီးပြီလဲ။
ငါတို့ အနာဂတ်အတွက်၊ ငါတို့အရှင်ဆီမှာ
မျက်နှာပန်းလှဖို့ အတွက်………..။

အမိုးတစ်ခု မရှိတော့တဲ့ ငါတို့ဘ၀မှာ
နောင်ရောက်လာမယ့် ငါတို့ရင်သွေးလေးက
ငါတို့ဘ၀အတွက် အကာလေးတစ်ခုတော့
ဖြစ်စေချင်တယ်။
တချိန်မှာ ငါတို့အတွက် အားကိုးရာ မဟုတ်တောင်
အားတက်စရာ အကာလေးတော့ ဖြစ်စေချင်တယ်…..။

ဝမ်းနည်းမှတ်တမ်း

Photobucket

ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။ လေဆိပ်မှာ ရှိနေတုန်း အဲယားလိုင်း ကတာဝန်ရှိသူ တစ်ဦးက ကျွန်တော့်ကို အပြေးအလွှား လာအကြောင်းကြား တာပါ။ ကျွန်တော့် အပေါ် အဖေလို၊ ကျွန်တော့်ဘက် ကလည်း ဖခင်တစ်ယောက်လို ချစ်ခင် ဆက်ဆံ ခဲ့တဲ့ ကျွန်တော့်ရဲ့ ယောက္ခထီး ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ လက်ဆွဲအိတ် တွေကို လေဆိပ်မှာ ကျွန်တော်ထုတ်ဖို့ စောင်းဆိုင်းနေချိန်မှာ သူ့ကိုလည်း အသုဘချဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်လည်း အကြောင်းကြား ချက်ကို ကြားသိရ ရချင်း လက်ဆွဲအိတ် တွေကို မယူပဲ အပြင်ကို ချက်ချင်းထွက်လာ ခဲ့လိုက်ပါတယ်။ အပြင်မှာ ကျွန်တော့် အဖေနဲ့ အမေရယ်၊ နောက်တခြား မိတ်ဆွေ ၂ ယောက်လောက် က ကျွန်တော့်ကို ကြိုနေပါတယ်။ မထင်မှတ်ပဲ ရုတ်တရက် ကြီးဖြစ်သွားလို့ ကျွန်တော် မယုံမကြည်နဲ့ မေးကြည့်ဖြစ် ပါသေးတယ်။ ကျွန်တော် ပြန်အလာကို စောင့်ရင်း ကျွန်တော် ပြန်ရောက်တဲ့ နေ့မှာပဲ သူထွက်ခွာသွားခဲ့ပါတယ်။ သူ့မှာ ဆီးချိုအပြင်၊ ဆီးချိုဆေးတွေ သောက်ရင်း ရလာတဲ့ ကျောက်ကပ်ရောဂါ ရှိပါတယ်။ ကျောက်ကပ်ကို လည်း ၅ ခါ အရင်က ဆေးခဲ့ဖူးပါတယ်။ ကျောက်ကပ်ဆေးပြီး နောက်ပိုင်း လူကောင်းတစ်ယောက် နီးပါး ပြန်ကောင်းသွားခဲ့ပါတယ်။ အခု တစ်ခေါက်ကလည်း ကျောက်ကပ်ပဲ ပြန်ဖောက်လာတာပါ။ ရန်ကုန်ဆေးရုံကြီး ကိုတင်ပြီး ကျောက်ကပ် ထပ်ဆေးပါတယ်။ ၁ ခေါက်ဆေးပြီး တော်တော်သက်သာ သွားပါတယ်။ လူကောင်းတစ်ယောက် နီးပါး ပြန်ဖြစ်သွားပါတယ်။ သူဆုံးမယ့် နေ့ကလည်း ကျောက်ကပ်ဆေး နေရင်း အသက်ရှုရပ်သွားတာပါ။ သူကျောက်ကပ် မဆေးခင် အချိန်မှာ သွေးပေါင်တွေ တော်တော်ကျ နေပါတယ်။ သွေးသွင်းဖို့ သွေးထုပ်တွေ အဆင်သင့် လုပ်ထားပေမယ့် သွေးမသွင်းခင် ကျောက်ကပ်ကို ဆေးကြပါတယ်။ ခဏအတွင်းမှာပဲ သူဆုံးသွားခဲ့ပါတယ်။ ဆေးရုံကြီးမှာ သေဆုံးသူတွေကို ဆေးရုံကြီးက လွယ်လွယ်ကူကူ ထုတ်ဖို့ခဲယဉ်းတာ အားလုံးသိပါတယ်။ သူ့ကိုတော့ ချက်ချင်း လွယ်လွယ်ကူကူ ထုတ်ခွင့်ပေးခဲ့ပါတယ်။

ကျွန်တော့် ခေါင်းထဲမှာ မေးခွန်းလေး တွေနည်းနည်း ရှိလာပါတယ်။ ဆရာ ဒေါက်တာဝင်းသိန်းကို မေးမြန်းကြည့်ဖို့ စိတ်ကူးတွေလည်း ရှိနေပါတယ်။